ရောက်အောင်သွားကြ
လမ်းညွှန်ပြ
ထူးစွ #ဇလုံတောင်
************
ထူးခြားအံ့ဖွယ် သမိုင်းဝင် ဂေါဒေါပလ္လင်
ဇလုံတောင်တော်သည် ………
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ်
မြောက်ဘက် ၁၂ မိုင်ခန့်အကွာ နမ့်ခေါင်ဟူးကြိုးဝိုင်း
(၅၃၇၆၀)ဧက အတွင်း ပင်လယ်ရေမျက်နှာပြင်
အမြင့်ပေ(၃၀၉၀) မြေပုံအညွှန်း(၄၅၁၃၄၉)တွင်
တည်ရှိပါသည်။
-- ဇလုံတောင်ဆိုသည်မှာ --
ဂေါတမဗုဒ္ဓမြတ်စွာဘုရားသခင်သည်
ကောဇာသက္ကရာဇ်(၁၂၃)ခု ဝါတော်(၂၀)အရတွင်
သိကြားမင်းဖန်ဆင်းသော နတ်ပန်းရထား(၅၀၀)ဖြင့်
ရဟန္တာ(၅၀၀)ခြံရံလျက် ကောင်းကင်ခရီးမှ
ကြွလာစဉ် အရှေ့ဧရာဝတီ အနောက်သလ္လာဝတီ
မြစ်နှစ်စင်းတို့၏ အလယ်ဗဟိုကျရာအရပ် ဂေါဒေါပလ္လင်
တောင်တော်တွင် ဧရာပထနဂါးမင်း သားအဖ၏
တောင်းပန်လျှောက်ထားမှုကြောင့်(၇)ရက်
သီတင်းသုံးကာ နဂါးမင်းသားအဖ လှူ ဒါန်းသော
ဆွမ်းကိုဘုန်းပေး သုံးဆောင်ခဲ့ပါသည်။
ကျန်ရှိသော ဆွမ်းဟင်းများကို (ရတနာများဖြစ်စေကြောင်း အဓိဋ္ဌာန်ပြုလျက်)ဝဲယာရှေ့နောက် စွန့်ကြဲပက်ဖြန်း
ခဲ့သည်ဟု သိရပါသည်။
(ထို့ကြောင့်-ထိုဒေသ၏ မြောက်ဘက်
ဖားကန့်ကျောက်စိမ်းတွင်းများ အနောက်ဘက်
တောင်ဘက် အရှေ့ဘက်တို့တွင် ရွှေတွင်းများဖြစ်ပေါ်
လာသည်ဟု ဒေသခံများက ယုံကြည်ကာ
ကိုးကွယ်ခဲ့ကြခြင်း ဖြစ်တန်ရာသည်။ထို့အပြင်-
အရပ်လေးမျက်နှာလုံးရှိ ကျွန်းတောကြီးများကလည်း
တန်ဖိုးမဖြတ်နိုင်သော ရတနာများပင် ဖြစ်လေသည်။)
ဇလုံတောင်ခြေတွင်လည်း ဗျာဒိတ်ပေးဆင်းတုတစ်ဆူကို
ဖူးတွေ့နိုင်ပါသည်။ဘုရားရှင်က ညီတော်အာနန္ဒာကို
ဤကျောက်တောင်သည် အရိမေတ္တယျ ဘုရား
တရားဦးဟောမည့်နေရာဖြစ်ကြောင်း ဗျာဒိတ်ပေးခြင်းကို
ရည်စူးထုလုပ်ထားခြင်းဖြစ်ပါသည်။
မင်္ဂလာဗျာဒိတ် စကားများမှာ………
ရှစ်သောင်းတန်းတွင် မိတေးရှင် လူတွင်ပွင့်လိမ့်မည်။
ဇလုံတောင်တွင် မိတေးရှင် ကျင့်စဉ်တရားဟောလိမ့်မည်။
ဇလုံတောင်အရှင် စာရင်းဝင် မိတေးရှင်နှင့် တွေ့လိမ့်မည်။
ကုသိုလ်ရှင်များ ချမ်းသာပွား ရတနာ ၇ ပါး ရလိမ့်မည်။
ဟူ၍ဖြစ်ပါသည်။
ကျောက်တောင်သည် သံတောင်(၄၄၄)တောင်
ပေအားဖြင့်(၆၆၆)ပေ မြင့်ပါသည်။
တစ်ချိန်က သလွန်တောင်ဟုခေါ်ဆိုခဲ့ကြပြီး
နောင်တွင် ဒေသခံများက ဇလုံမှောက်ထားသည်နှင့်တူ၍
"ဇလုံတောင်"ဟု ခေါ်ဆိုခဲ့ကြကြောင်း သိရှိရပါသည်။
ကျောက်တောင်ကြီးပေါ်တွင် ဘုရားတည်ခဲ့သည်မှာ
(၄၉၂)ခုက ဖြစ်သည့်အတွက် နှစ်ပေါင်း(၉၀၀)ခန့်
ကြာခဲ့ပြီဖြစ်သည်။
အရှင်ဓမ္မဒဿီအမည်ရှိ ရှင်အရဟံနှင့် တပည့်
အရှင်အာစာရမထေရ်မြတ်(၂)ပါးသည် ဇလုံတောင်သို့
ကြွရောက်တော်မူပြီး ဣစ္ဆာသရလိုတရ ချမ်းသာကြီး
အောင်တော်မူ အောင်ဆုယူစေတီများကို ဦးစွာပထမ
တည်ထားကိုးကွယ်ခဲ့ပါသည်။(၁၂၁၁)တွင်
ဘုန်းတော်ကြီး ဦးသာအေးက ဒုတိယအကြိမ်မွမ်းမံ
ပြု ပြင်ပြီး။(၁၂၇၆)တွင် စက်တောကိုးဌာနအဝင်
ကန်ရွာကျောင်းဆရာတော်။တိုက်သူကြီး
ဦးရွှေသီးနှင့် ဝေးနီးမြို့ရွာ ဒါယကာတို့က ကြေးချိန်
(၂၅)ပိဿာရှိ ကြေးခေါင်းလောင်းသွန်းလုပ်လှူ ဒါန်း
ခဲ့ပါသည်။(၁၂၉၇)တွင် သောင်သွတ်မြို့ ဝဲတက်ရွာဇာတိ
အရှင်ကုဝေရက သားတော်တောင်ကျောက်ပလ္လင်၌
ဂန္ဓကုဋိတိုက်စေတီ(၅)ဆူ တည်ပြီး။ဥာဏ်တော်
(၄)ပေရှိ လိုတိုင်းပြည့် ဗျာဒိတ်ပေး(ပဉ္စလောဟာ)
ဗုဒ္ဓရုပ်ပွားတော်ကို သွန်းလောင်းပြီး တတိယအကြိမ်
သာသနာပြုခဲ့ကြလေသည်။
သက္ကရာဇ်(၁၃၁၁)တွင် စက်တောကုန်းရိုးကြီးကျောင်း
ဆရာတော်နှင့် အလယ်ရွာ ကန်ရွာ အနောက်တာ
ဆရာတော်ကြီးများ ဦးဆောင်ပြီး ဝေးနီးမြို့ရွာ
ဒါယကာတို့က အောင်ဆုယူ အောင်တော်မူ
စေတီများကို မွမ်းမံပြင်ဆင်၍ စတုတ္ထအကြိမ်
ရွှေထီးတော်အထွဋ်တင်လှူ ကာ သာသနာပြု ခဲ့ကြောင်း
သာသနာ့မော်ကွန်းတင် ကျောက်စာတွင်
ဖော်ပြထားပါသည်။
ဤသို့ သာသနာပြုဒေသခံဆရာတော်ကြီးများနှင့်
သာသနာပြုကုသိုလ်ရှင်များသည် အခါအားလျော်စွာ
မွမ်းမံပြင်ဆင်ပြု ပြင်ခဲ့ကြသော်လည်း တစ်ချိန်က
ထိန်းသိမ်းစောင့်ရှောက်မည့်ပုဂ္ဂိုလ် မရှိခဲ့၍
သမိုင်းဝင်စေတီတော်များမှာ တောမီးလောင်ခြင်း
ဌာပနာဖောက်ခြင်းများကို ခံရသဖြင့် ပျက်စီးခြင်းသို့
ရောက်ခဲ့ရဖူးကြောင်း။တောနက်အတွင်း လမ်းပန်း
ဆက်သွယ်မှုခက်ခဲပြီး(ဗကပ)များ သောင်းကျန်းစဉ်
ကာလက တိမ်မြုပ်ပျောက်ကွယ်ခဲ့ရကြောင်း။
၁၉၉၀ ခုနှစ်တွင် ဗန်းမောက်မြို့နယ်ဒေသခံ
ဆရာတော်များ၏ကြိုးပမ်းရှာဖွေမှုဖြင့် ပြန်လည်
ဖော်ထုတ်နိုင်ခဲ့ကြောင်းများကို သိရှိရပါသည်။
ဇလုံတောင်ဘုရားလမ်းအတွက် ၂၀၀၃ ခုနှစ်၌
အရှေ့ဘက်နှင့် တောင်ဘက်မှ ကားလမ်း
ဖောက်လုပ်ရန် လမ်းအူကြောင်းရှာဖွေခဲ့ကြရာတွင်
အရှေ့ဘက်မှာ မတ်စောက်ပြီးကျောက်ဆောင်
များပြား၍ တောင်ဘက်က လမ်းကြောင်းကို
ရွေးချယ်ခဲ့ကြပါသည်။ကသာအနောက်
သစ်ထုတ်လုပ်ရေးမှ မြေထိုးစက်များ၏
အကူအညီကိုရယူခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် ၇ မိုင်ခန့်။
၂၀၀၅ ခုနှစ်တွင် ၂ မိုင်ခန့်။၂၀၀၆ ခုနှစ်တွင်
၃ မိုင်ခန့် လမ်းဖောက်လုပ်နိုင်ခဲ့ပြီး ၂၀၀၆ ခုနှစ်
မတ်လ ၃ ရက်နေ့တွင် တောင်ခြေ တယ်ပင်ပြန်သို့
အရောက်မြေသားလမ်း ဖောက်လုပ်နိုင်ခဲ့ပါသည်။
သို့ရာတွင် မိုးအခါ၌ မြေသားလမ်းများပျက်စီး၍
လမ်းပန်းဆက်သွယ်ရေး ခက်ခဲလှပါသည်။
တောင်ခြေအရောက် ကားလမ်းမပေါက်သည့်
အချိန်များတွင် ဗန်းမောက်မှ ဇလုံတောင်တော်ဘုရား
သာသနဝတ္တကနယ်မြေ ယာဉ်ရပ်နားစခန်းအထိသာ
သွားရောက်နိုင်ပြီး ထိုနေရာမှ- တောင်ခြေအရောက်
တောင်တက် တောလမ်းခရီးကို ၁ နာရီခန့် ခြေကျင်
သွားကြရပါသည်။တောင်တက်ခရီးမသွားနိုင်ပါက
ဆိုင်ကယ်ကယ်ရီကို ငွေ ၅၀၀၀ ကျပ်ပေး၍ စီးနိုင်ပါသည်။
(အကယ်၍ ဇလုံတောင်ဘုရားလမ်းကို အဆင့်မြှင့်တင်ပြီး
ကျောက်ချောကတ္တရာလမ်းသာ ဖောက်လုပ်နိုင်ပါက
ကျိုက်ထီးရိုးနှင့် ပုပ္ပားတောင်များကဲ့သို့ နိုင်ငံကျော်
ဘုရားတစ်ဆူဖြစ်လာနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၏
ထူးမြတ်လှသော ရတနာတစ်ပါးအဖြစ် ယုံကြည်မိပါသည်။)
ကျောက်တောင်ကြီးတွင်"ခမည်းတော်တောင်"နှင့်
"မယ်တော်တောင်"ကျောက်လုံးကြီးနှစ်လုံးပူးတွဲပြီး
ဘေးအနည်းငယ်နိမ့်သော နှစ်ဖက်တွင်
"သားတော်တောင်"နှင့်"သမီးတော်တောင်"နှစ်လုံး
ပူးတွဲကာရှိနေခဲ့ပါသည်။သို့ရာတွင် လွန်ခဲ့သော
နှစ်(၄၀)ခန့်က "သမီးတော်တောင်"အပိုင်း
ပဲ့ကျခဲ့လေသည်။အဆိုပါကျောက်တုံးကြီး
ပဲ့ကျသောအသံသည် ဗန်းမောက်မြို့နယ် တစ်နယ်လုံး
သိမ့်သိမ့်တုန် မြည်ဟီးရိုက်ခတ်ခဲ့ကြောင်း သိရပါသည်။
တောင်ခြေအရင်းမှ တောင်ထိပ်သို့တက်ရာတွင်
ကျောက်တောင်ကြီးနှစ်လုံးအကြားမှ အုတ်လှေကား
နှင့် ကွေ့ပတ်တက်ရသည်။ကျဉ်းကျပ်သောနေရာတွင်
ကျောက်တံခါးကြီးရှိရာ အကုသိုလ်ကြီးသူများ
မဝင်နိုင်ကြောင်း ကြားသိရပါသည်။ကျောက်တုံးကြီး
နှစ်တုံးအကြား ကုတ်ကတ်တွယ်တက်ရသည့်
နေရာများလည်းရှိပါသည်။ဤဘုရားကိုဖူးလျှင်
အရိမေတ္တေယျဘုရားကိုဖူးတွေ့ရန်စာရင်းတွင်
ပါဝင်မှာဖြစ်ကြောင်း အဆိုရှိသည့်တောင်လည်း
ဖြစ်ပါသည်။
ဇလုံတောင်ခြေတွင် ဘုန်းတော်ကြီးကျောင်း။
ဓမ္မာရုံ။သိမ်။နှင့် တည်းခိုဆောင်များ။ရေစက်။
မီးစက်။ရဟတ်ယာဉ်ကွင်း။စားသောက်ဆိုင်ခန်းများ။
စသည်တို့ရှိပါသည်။ဇလုံတောင်တော်ပေါ်တွင်မူ
ခမည်းတော်ဆောင်(မနောမယအောင်ဆုယူစေတီ)
မနောမယ အောင်တံခွန်တော်။သားတော်ဆောင်စေတီ
(လိုတိုင်းပြည့် ဗျာဒိတ်ပေးဗုဒ္ဓရုပ်ပွားတော်)။ချမ်းသာကြီး
အဘယလာဘမုနိ နဂါးရုံဘုရားကြီး။ချမ်းသာကြီး
နဂါးရုံ ဗုဒ္ဓရုပ်ပွားတော်နှင့် မနောမယအလိုတော်ပြည့်
ကိုးနဝင်းစေတီတို့ကို ဖူးတွေ့ရမည်ဖြစ်ပါသည်။
ဇလုံတောင်ဘုရားပွဲတော်ကို နှစ်စဉ်
တန်ခူးလပြည့်ကျော်(၁၂)ရက်မှ ကဆုန်လဆန်း
(၂)ရက်နေ့အထိ ကျင်းပလေ့ရှိပါသည်။
-- ဇလုံတောင်တော်၏ထူးခြားချက်များ --
၁။ဂေါတမဗုဒ္ဓမြတ်စွာဘုရားသခင် ၇ ရက်သီတင်းသုံးခဲ့ခြင်း။
၂။အရိမေတ္တယျဘုရားရှင် တရားထူးဟောမည့်နေရာဖြစ်ခြင်း။
၃။ဇလုံတောင်ဘုရားကို ဖူးသူတိုင်း နောင်ပွင့်မည့်
ဘုရားရှင်နှင့် တွေ့ကြုံ ရန် စာရင်းဝင်ခြင်း။
၎။ဇလုံတောင်တော်၏အောက်ခြေတွင်စီးဆင်းနေသော ချောင်းငယ်တစ်ခုတွင် ရောင်စုံကျောက်သံပတ္တမြားနှင့်
့်ရွှေမှုန်ရွှေဖတ်များ မျောပါနေတတ်ခြင်း။
၅။အဆိုပါချောင်းငယ်ရေသည် ကချင်ပြည်နယ်အတွင်းရှိ
ှိအင်းတော်ကြီးအိုင်အထိ ထိစပ်မှုရှိနေခြင်း။
၆။တစ်ပေါင်းလ လပြည့်လကွယ်ရက်များတွင်
်အလွန်ကြီးမားသော မျောက်ဖြူ ကြီးတစ်ကောင်
ဘုရားဖူးလာလေ့ရှိခြင်း။
၇။အဆိုပါမျောက်ဖြူ ကြီးဘုရားလာဖူးမည်ဆိုလျှင် လပြည့်ညပင်ဖြစ်လင့်ကစားမိုးရွာသွန်းခြင်းနှင့်
ဘုရားမှရောင်ခြည်တော်လွှတ်ကာ နိမိတ်ပြတတ်ခြင်း။
၈။ဤတောင်သို့ရောက်ဖူးသူတိုင်း အေးချမ်းဆိတ်ငြိမ်သော သဘာဝတရား၏ ဆွဲဆောင်မှုကြောင့် လောကီကိုငြီးငွေ့ပြီး
တရာရှာမှီးလိုစိတ်ပြင်းထန်စွာဖြစ်မိစေခြင်း။
၉။ကျောက်တောင်ကြီးသည် အချိန်ရာသီအလိုက်
ထူးဆန်းစွာ အရောင်များပြောင်းလေ့ရှိခြင်း။
၁၀။တောင်ထိပ်သို့တက်ရာ ကျောက်ကြားလမ်း
ကျောက်တံခါးတွင် အကုသိုလ်ကြီးသူများ
မဝင်ရောက်နိုင်ခြင်း။
===============
"အံ့ဖွယ်ထူးမြတ် ကျောက်မဏ္ဍာပ်တောင်တော်"
ဇလုံတောင်တော်၏ တောင်ဘက်(၂)မိုင်ခန့်
အကွာ တောင်ပေါ်တွင် ကျောက်မဏ္ဍာပ်ဘုရား
ရှိပါသည်။ကျောက်မဏ္ဍာပ်ဆိုသည်မှာ
တောင်ထိပ်တွင်အလျားပေ(၈၀)အနံပေ(၇၀)
ခန့်ရှိသော ကျောက်ဖျာကြီးတစ်ချပ် အုပ်မိုးနေခြင်းကို
ဆိုလိုပါသည်။ကျောက်ဖျာကြီးပေါ်တွင် စေတီငယ်
တစ်ဆူနှင့် ကျောက်ဖျာအောက်တွင် ဆင်းတုတော် တစ်ဆူတည်ရှိပါသည်။ကျောက်ဖျာတစ်ဘက်ခြမ်းတွင်
နောင်ပွင့်မည့်ဘုရားအား လှူ ဒါန်းရန်အတွက်ဟု
ဆိုကာ ကျောက်ဆန်အိတ်များစီထားသည်ကို
တွေ့ရပါသည်။ကျောက်မဏ္ဍာပ်မှ အပြန်တွင်
သဘာဝကျောက်တံတားကို ဖြတ်လျှောက်
ရမည်ဖြစ်ပါသည်။ဇလုံတောင်သို့ မရောက်မီ
ခရီးတစ်ထောက် ဝင်းရောက် နားခိုနိုင်ပါသည်။
===================
လေ့လာဖတ်ရှု မေးမြန်းစုံစမ်းမိသမျှ
မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။
===================
လေးစားလျက်
ကျော်မိုးဝင်းသန့်
No comments:
Post a Comment